Tuesday, March 15, 2011

လူမှုဖွံ့ဖြိုးရေးကိစ္စ ချင်းပါတီများက လွှတ်တော်တွင်အဆိုတင်သွင်း

March 13th, 2011 | Add a Comment

မတ်လ ၁၀ ရက်နေ့ က နေပြည်တော်တွင် ကျင်းပသည့် ပထမအကြိမ်  ပြည်ထောင်စုလွှတ်တော် ပုံမှန် အစည်းအဝေး သတ္တမနေ့တွင် ချင်းပါတီမှလွှတ်တော်ကိုယ်စားလှယ်များက ချင်းပြည်နယ်၏ ကျန်းမာရေး၊ ပညာရေး နှင့် လမ်းပန်း ဆက်သွယ်ရေးကိစ္စများနဲ့ ပတ်သက်ပြီးအဆိုများတင်သွင်းခဲ့ကြသည်ဟုသိရသည်။
ယင်းအဆိုပြုချက်များကို လက်ခံဆွေးနွေးသင့်မသင့် လွှတ်တော်အသီးသီးတွင်ဆန္ဒရယူခဲ့ရာ လွှတ်တော်က သဘောတူ လက်ခံ သည့်အတွက်ဆက်လက်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည် ဟု သိရသည်။

ချင်းအမျိုးသားပါတီမှ ဟားခါးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးငွန်မောင်းက ချင်းပြည်နယ်တွင် လမ်းပန်းဆက် သွယ်ရေး အဆင်ပြေချောမွေ့အောင် ပြည်ထောင်စုအစိုးရမှ ဆောင်ရွက်ပေးရေး အဆိုကို တင်သွင်းခဲ့သည်ဟု မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ချင်းတိုးတက်ရေးပါတီမှ မတူပီမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်လျှံလွင်ကလည်း ဂန့်ဂေါမြို့ နှင့် ရေဇွာမြို့အကြား ကားလမ်းအားဆယ့်နှစ်ရာသီ သွားနိုင်အောင် ပြုပြင်ပေးရန်နှင့် ပလက်ဝ နှင့် မတူပီမြို့ကြား ကားလမ်းအမြန်ဆုံး ဖောက်လုပ်ပေး ရန်၊မ ကွေးတိုင်းအရှေ့ဂန့်ဂေါ် နှင့် အနောက် ဂန့်ဂေါ အကြား ကြိုးတံတား အားကားသွားနိုင်သောတံတားအဖြစ်တည်ဆောက်ပေးရန်၊့ အဆိုကို တင်သွင်းခဲ့သည်။
ချင်းပြည်နယ်တွင် မကြာခဏဆိုသလို ကားတိမ်း မှောက်ဖြစ်ပွားလျက်ရှိပြီးခရီးသည်များသေဆုံးမှုများလည်း မကြာခ ဏဖြစ်ပွားလျက်ရှိသည်။ ယခု ၂၀၁၁ ခုနှစ်ဖေဖော်ဝါရီ နှင့် မတ်လ အတွင်း၌ ချင်းပြည်နယ်တွင် ခရီးသည် တင်ကားတိမ်းမှောက်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ခရီးသည် ၇ဦးသေဆုံးခဲ့ရပြီးဖြစ်သည်။
ပညာရေးနှင့်ပတ်သက်ပြီး ချင်းအမျိုးသားပါတီမှ ဟားခါးမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစတီဗင်ထာ ဘိတ်က လက်ရှိမြန်မာနိုင်ငံ၏ပညာရေးစနစ်ကို ကျွမ်းကျင်ပညာရှင်များ နှင့် အတွေ့ အကြုံရှိသော ပုဂ္ဂိုလ်များဖြင့်ဘုတ်အဖွဲ့ တခုဖွဲ့ပြီး ပြန်လည်သုံးသပ်ရေး အဆိုကိုတင်သွင်းခဲ့သည် ဟုသိရသည်။
တဆက်တည်း ချင်းတိုးတက်ရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဦးပေါလ်လျှံလွင် က ချင်းပြည်နယ် ၏မြို့တော် ဟားခါးတွင်ကောလိပ်ကျောင်းဖွင့်လှစ်ပေးနိုင်ရန် အဆိုတင်သွင်းခဲ့ရာ ချင်းတိုးတက်ရေးပါတီမှ ဖလမ်းမြို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက ထောက်ခံ ကြိုဆိုသော်လည်း Location (နေရာ)ကို ကန့်ကွက် မည်ဖြစ်ကြောင်း၊ ဟားခါးမြို့သည် လက်ရှိတွင် ချင်းပြည်နယ်၏ မြို့တော်ဖြစ်သော်လည်း ပထ၀ီအနေအထား၊ လမ်းပန်း ဆက်သွယ်ရေး၊ အခြားသော အခြေအနေ အရပ်ရပ်အရ ချင်းပြည်နယ် မြောက်ပိုင်းတွင် ဖလမ်းမြို့သည်ကောလိပ် ထားရှိရန် ပိုမိုသင့်လျော်ကြောင်း၊ ချင်းပြည်နယ်တွင်ကော်လိပ်ကျောင်း ၂ ခု ထားရှိမည်ဆိုပါက ချင်းပြည် တောင်ပိုင်းတွင် သင့်လျော် သည့် နေရာမှာပါ ဖွင့်လှစ်ပေးရန် ဟုတင်ပြဆွေးနွေးခဲ့ကြောင်းသိရသည်။

ချင်းပြည်နယ်အတွင်း တက္ကသိုလ်ကောလိပ်ထားရှိနိုင်ရေးကို ယခင်ကတည်းကချင်းပြည်သူများ ကြိုးပမ်း ခဲ့ကြသော်လည်း နေရာ ကိစ္စ အတွက်အချင်းချင်းကြားမပြေလည်မှုကြောင့် စစ်အစိုးရက စစ်ကိုင်းတိုင်း အတွင်းကလေးတက္ကသိုလ်ကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်ဟု လည်း ပြောဆိုကြသည်။

ကျန်းမာရေးကဏ္ဍနဲ့ပတ်သက်ပြီး ချင်းအမျိုးသားပါတီမှ ဟားခါးမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစတီဗင် ထာ ဘိတ်က ကျန်းမာရေး ကဏ္ဍတွင် ကျန်းမာရေး စောင့်ရှောက်မှု အားနည်းနေ သဖြင့် အတွေ့အကြုံရှိသောပညာရှင်များဖြင့် ဘုတ်တခုဖွဲ့စည်းပြီး အကောင်းဆုံးနည်းလမ်း ချမှတ် ဆောင်ရွက်ပေးနိုင်ရေး အဆိုကိုတင်သွင်းခဲ့သည်။

ထို့နောက် ဦးပေါလ်လျှံလွင်က ချင်းအမျိုးသား ဆရာဝန်ဘွဲ့ရများအား ဆမ (ဆေးကုခွင့်လက်မှတ်) အမြန်ဆုံးချပေးပြီး ချင်းပြည်နယ်အတွင်း လိုအပ်သည့် ဒေသအသီးသီးသို့စေလွှတ်နိုင်ရေး  စစ်အစိုးရပိုင် မြန်မာ့ အလင်းသတင်းစာ တွင်ဖော်ပြထားသည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှဒေါက်တာမြညာဏစိုးက ချင်းပြည်နယ်တွင် ဆရာဝန်များ တာဝန်ထမ်းဆောင်လိုစိတ်ရှိလာအောင် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် မက်လုံး ပေးဖို့လိုအပ်ကြောင်း ဆွေးနွေးတင်ပြခဲ့ သည်ဟုအဆိုပါသတင်းစာတွင်ဆက်လက်ဖော်ပြထားသည်။

No comments:

Post a Comment